ကျနော် အိမ်ထောင်ကျတော့ ကျနော့်အသက်က ၂၅ နှစ်။ အခုဆိုရင်ပဲ သားကြီးက ၁၂
နှစ်တောင်ရှိပြီ။ ၄ တန်း တက်နေတယ်။ ကျနော်ကတော့ အဖွဲ့အစည်းက
တာဝန်ပေးချက်နဲ့ မြို့ပေါ်မှာနေရတယ်။ တခါ
တလေလောက်ပဲ မိန်းမနဲ့ကလေးတွေနေတဲ့ရွာကို ပြန်ရောက်ဖြစ်တယ်။ မြို့နဲ့ရွာကို
ဆိုင်ကယ်နဲ့ အသွား အလာလုပ်ရတယ်။ သွားရလာရလွယ်ကူအောင် ဆိုင်ကယ်တစီးလဲ
ဝယ်သုံးရသေးတယ်။ မြို့က အလုပ်တွေ တာဝန်တွေကို လုပ်နေရတယ်ဆိုတော့
ရုံးနဲ့၊ဖုံးနဲ့၊ ကွန်ပြူတာအင်တာနက်နဲ့ပေါ့ဗျာ။
မြို့မှာ ရုံးအဖြစ်နဲ့ အိမ်တလုံးလဲ ငှားထားရသေးတယ်။ ငှားနေတဲ့အိမ်က
အိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်း၊ ထမင်းစားခန်း၊ ရေချိုးခန်း၊
ဘိုထိုင်အိမ်သာခွက်ပါတဲ့ အိမ်သာခန်းလဲ ပါသပေါ့။ မနေနိုင်မထိုင်နိုင်နဲ့
အိမ်ရှေ့ မှာလည်း ဂမုန်းပင်တွေ၊ ပန်းပင်တွေ စိုက်ထားလိုက်သေး တယ်။
ကိုယ်ငှားနေတဲ့အိမ်ကို အပြင်ကနေ လူစိမ်းတယောက် ကြည့်တဲ့အကြည့်မျိုးနဲ့
တခါမှ ဂရုတစိုက် ပြန်မကြည့်မိခဲ့ဖူးပါဘူး။ တခါတလေ ဧည့်သည် တွေ လာလည်ရင်
အိမ်ရှေ့ဆင်ဝင်အောက်မှာ ဆိုင်ကယ်တွေ စက်ဘီးတွေ သုံးလေးစီးဖြစ်နေတတ်သေး တယ်။
တခါတရံ ဧည့်သည်လာလည်လို့ ကားငှားရမှာစိုးရိမ်ပြီး ကားကို
ကိုယ့်အိမ်ကိုယ်မထားကြဘဲ ကျနော် တို့အိမ်မှာ လာအထားခံရတဲ့ အခါမျိုးလည်း
ရှိတတ်သေးတယ်ပေါ့။
လမ်းထဲက စက်ချုပ်ရုံမှာ အလုပ်လုပ်နေတဲ့ အလုပ်သမတွေကတော့
အိမ်ရှေ့ကဖြတ်သွားတိုင်း အိမ်ကို ကြည့် ကြည့်သွားကြတယ်။ သူတို့က
ကျနော်တို့လို ဗမာပြည်သားတွေ။ ဟိုဘက်မှာ လုပ်ကိုင်စားရတာ
အခြေအနေမကောင်းလို့ ဒီဘက်မှာ အလုပ်လာလုပ်နေကြတာ။
အိမ့်ရှေ့က ဖြတ်လျှောက်သွားတဲ့ အလုပ်သမတွေက မနက်ဆိုရင် ရှစ်နာရီ၊ နေ့လည်
ဆယ့်နှစ်နာရီ၊ ညနေ လေးနာရီ ခြောက်နာရီ အဲ့ဒီအချိန်တွေမှာ အမြဲပဲ
ကျနော်တို့အိမ်ရှေ့ကနေ အလုပ်ဆင်းအလုပ်ပြန် ဖြတ်ဖြတ် သွားနေကျ။ ည ဆယ်နာရီ
ဆယ့်တစ်နာရီအချိန် သူတို့ဖြတ်သွားတဲ့ အသံတွေကို အိပ်ယာထဲကနေ ကြား နေကျ။
ကျနော်တို့အိမ်ကို တခါတလေ လာလည်တတ်တဲ့ ဧည့်သည်တယောက်လဲ ရှိသေးတယ်။
သူကတော့ အသက် ငါးဆယ်လောက် ရှိတဲ့ အဒေါ်ကြီးတဦးပါ။ သံချေးတက်နေတဲ့
ဂျပန်လုပ် စက်ဘီးကိုစီးပြီး အိမ်ကို လာတတ်တယ်။ ကွမ်းကလဲ
အမြဲဝါးတဲ့ပုံစံပါပဲ။ သူလာပြီဆိုရင် ကြားနေကျအသံကတော့
“ဆရာတို့ ပုလင်းတွေ ရှိလား” တဲ့။
သူမေးတာက ပုလင်းတခုတည်းကို မေးတာမဟုတ်ဘူး။ ကျနော်တို့အိမ်က စွန့်ပစ်မယ့်
ပစ္စည်းအမှိုက်တွေ ထဲက အမှိုက်စက်ရုံကို ပြန်ရောင်းလို့ရတဲ့ ပစ္စည်းတွေကို
ယူလို့ရမလားဆိုတဲ့ အဓိပ္ပါယ်ပါ။ စွန့်ပစ်မယ့် ပစ္စည်း တွေထဲ
သူစိတ်ဝင်စားတာတွေကတော့ စက္ကူဖာအစုတ်အပြဲ၊ စက္ကူစုတ်၊ အရက်ပုလင်း၊
ဘီယာပုလင်း၊ ပလပ်စတစ်ဗူးခွံ။ အဲဒီပစ္စည်းတွေကို တောင်းလို့ရတာတောင်းတယ်၊
လမ်းထောင့်တွေမှာ ထောင်ထားတဲ့ အမှိုက်ပုံးတွေကို အားရပါးရ ရှာဖွေမွှေနှောက်
ကောက်လို့ရတာ ကောက်တယ်။ ဒါတွေကို စုပြီး အမှိုက် စက်ရုံမှာ အလေးချိန်နဲ့ပြန်
ရောင်းတယ်။ အဲဒီက ရတဲ့ငွေနဲ့ ရပ်တည်စားသောက်နေကြတယ်လေ။ တခါ တလေ ဈေးထဲမှာ
သွားရင်းလာရင်းနဲ့ အဲဒီအဒေါ်ကြီးကို လင်ဗန်းတခု ရှေ့ချပြီး ထိုင်နေတာကို
တွေ့ရ တတ်တယ်။ လင်ဗန်းထဲမှာတော့ ကျနော်တို့နေတဲ့ ရပ်ကွက်ဘေးက ရေအိုင်တွေ၊
လယ်တွေထဲက လယ်ခရု လုံးတွေကို အခွံခွါ အပုံလေးတွေပုံပြီး ထိုင်ရောင်းနေတာ။
တခါက သူ့ကို ကျနော် မေးကြည်ခဲ့ဖူးတယ်။
“ဘာအလုပ်လုပ်လဲ” လို့မေးတော့ သူက ကျနော့်ကိုခပ်တည်တည်နဲ့ဖြေတယ်။
“အရင်းမဲ့ စီးပွားရေးလုပ်ငန်း” တဲ့လေ။
“အရင်းမဲ့ စီးပွားရေးလုပ်ငန်း” တဲ့လေ။
ဒါ ကျနော်တို့အိမ်ကို လာလည်တတ်တဲ့ မိတ်ဆွေတယောက်အကြောင်းနဲ့ ရပ်ကွက်ထဲမှာ နေ့စဉ်မြင်တွေ့ ကြုံဆုံနေရတဲ့ မြင်ကွင်းတွေပေါ့ဗျာ။
ကျနော်က မြို့မှာ အိမ်နဲ့၊ ရုံးနဲ့ အတည်တကျလို ဖြစ်နေတယ်။ မြို့မှာ
အနေများလာတယ်ဆိုတော့ မိသားစုနဲ့ အနေကျဲလာတယ်။ သားအကြီးကလည်း
ဒီနှစ်ကျောင်းဖွင့်ရင် မြို့မှာ ကျောင်းနေချင်တယ် ပူဆာလာတာနဲ့
သူ့တယောက်လောက်နဲ့တော့ ကိစ္စမရှိလောက်ဘူးဆိုပြီး ဒီနှစ်တော့
သားအကြီးကောင်ကို မြို့ခေါ်ပြီး ကျောင်းထားလိုက်တယ်။ ကျောင်းတက်တော့
လေးတန်းကနေ စတက်ရတယ်။ ကျောင်းသွားကျောင်းပြန် ကတော့
ကျောင်းဖယ်ရီကားနဲ့ပေါ့။ မနက်လင်းတာနဲ့ သူ့ဟာသူ ထမင်းချက်၊ ဟင်းတထုပ်ဝယ်၊
ရေချိုး၊ ထမင်းစား၊ အ၀တ်အစားလဲပြီး ကျောင်းကားလာရင် ကျောင်းသွားတယ်။ တခါတလေ
ကျောင်းကား နောက်ကျရင် ကျနော်က အကြိုအပို့လုပ်ပေးရတာလဲ ရှိတတ်တယ်။ ညနေ
ကျောင်းကပြန်လာရင်လဲ ငါးနာရီလောက်မှ ပြန်ရောက်လာတတ်တယ်။ ရောက်တာနဲ့
ရေချိုး၊ အ၀တ်လျှော်၊ ထမင်းစားပြီး စာကျက်။ ဒီလိုနဲ့
အိပ်ချိန်ရောက်တော့တာပါပဲ။ စနေ၊ တနင်္ဂနွေနေ့တွေမှာ သူ့ကို
ဆော့ချိန်လုပ်ပေးထားတယ်။ သူလဲ သူ့ဟာနဲ့သူ လည်ပတ်နေရောပဲ။
ရွာက သူ့အမေဆီ ကျနော်ပြန်တဲ့အခါဆိုရင် သူ့အတွက်မုန့်ဘိုးကို
ရက်နဲ့တွက်ပေးခဲ့ပြီး ရုံးကရဲဘော်တွေနဲ့ အပ်ခဲ့ပြီး ပြန်လာခဲ့ရတာပေါ့။
ဒါတောင် ဖုန်း ခဏခဏဆက်ပြီး ရေချိုး၊ ထမင်းစား၊ အ၀တ်လျှော်၊ စာကျက်
ဆိုတာတွေကို လှမ်းလှမ်း မှာနေရသေးတယ်။
ကျနော်က အိမ်ကို တလတခေါက်လောက်တော့ ပြန်ဖြစ်တယ်။ တခေါက်တော့
ကျနော်မြို့ကိုပြန်ရောက် တုန်း ကျနော်တို့ဥက္ကဋ္ဌနဲ့ သွားတွေ့ပြီး
အခြေအနေလေးဘာလေး မေးမြန်း။ ကိုယ့်အခြေအနေလဲ ပြောပြပေါ့။
စကားပြောနေကြရင်းနဲ့ စကားလမ်းကြောင်းက ကျနော့်သားဆီကို ရောက်သွားတယ်။
ဥက္ကဋ္ဌကပြောတယ်။
“မင်းသားကွာ တော်တော်ဆိုးတဲ့ကောင်”
“ဒီကောင် တကယ်မလွယ်တဲ့ကောင်ကွာ” ဟု ဥက္ကဋ္ဌက ညည်းပြောပြောတော့ ကျနော်လဲ
ပူထူသွားတာပေါ့။ ဒီကောင် ဘာမွှေထားပြန်သလဲပေါ့။ ကျနော်က ပြန်မေးလိုက်တယ်။
“ဘာဖြစ်လို့လဲ ဥက္ကဋ္ဌ”
“မင်းသားလေ ငါ့ကို လူကြားထဲမှာ ဥက္ကဋ္ဌကြီးလို့ခေါ်တယ်ကွာ၊ ငါကလည်း ဒီကောင်က
ငါ့ကိုဥက္ကဋ္ဌ လို့ခေါ်တယ်ဆိုတော့ ဒီကောင် တယ်ဟုတ်ပါလားပေါ့ စိတ်ထဲထင်နေတာ။
နောက်တအောင့်လောက် ကြာ တော့မှ ဒီကောင် ဘာစိတ်ကူးပေါက်တယ်မသိဘူး ငါ့ကို
ဥက္ကဋ္ဌကြီး ယောက္ခမကြီးလို့ ထပ်ခေါ်ပြီး ထွက်ပြေး သွားတယ်။ ဒီကောင်တော့
မလွယ်ကြောပဲဟေ့” ဟု ဥက္ကဋ္ဌ မှတ်ချက်ပေးလိုက်တယ်။ ကျနော်လဲ သွားလိုက်
လာလိုက်နဲ့ ကျနော်သားကို မျက်ခြည်ပြတ်သွားတယ်။ မြို့မှာနေပြီး ရပ်ကွက်ထဲမှာ
ဒီကောင် အခြေအနေ တိုးတက်နေတာ သတိမထားမိလိုက်ဘူး။
တနေ့တော့ သူကျောင်းသွားနေတုန်း သူ့အ၀တ်အစားထည့်တဲ့ အံဆွဲကို
မွှေလိုက်တော့ စာတစောင် ထွက် လာတယ်။ စာက ခလေးလက်ရေးနဲ့
ရေးထားတဲ့ကလေးရည်းစားစာပါ။ သေချာကြည့်လိုက်တော့မှ ကလေး မလေး တယောက်က
သူ့ဆီကို ရေးတဲ့စာဖြစ်နေတယ်။ စာထဲမှာ ကလေးမလေး ရေးထားတာတွေက
ခလေးလက်ရေးဆိုတော့ အတော်ကလေးဖတ်ယူရတယ်။ ရည်းစားစာတို့ ထုံးစံအတိုင်း ပါပဲ။
“သို့”
“ဘယ်သူဘယ်ဝါ”
“ဘာညာ” နဲ့ အစချီထားတာပေါ့။ စာကို ကြိုးစားပြီး ဖတ်နေရင်းနဲ့ စာအလယ်လောက်ရောက်တော့ ကျနော် မျှော်လင့်မထားတဲ့ အရာတခုသွားတွေ့တယ်။ ကောင်မလေးရေးတာက
“နင့်ကို ငါမချစ်နိုင်ဘူး” တဲ့
“ဘာဖြစ်လို့လဲဆိုတော့ နင်ကသူဌေးသား” တဲ့
အဲဒီလို ကလေးမလေးက သုံးသပ်ပြီး ရေးထားတယ်။ ကျနော်လည်း စာကိုဖတ်နေရင်းနဲ့ ရယ်ရမလို၊ ငိုရမလို၊ ၀မ်းသာရမလို၊ သူဌေးအထင်ခံရလို့ ထပဲ က ရတော့မလို ဖြစ်သွားတယ်။
“ဘယ်သူဘယ်ဝါ”
“ဘာညာ” နဲ့ အစချီထားတာပေါ့။ စာကို ကြိုးစားပြီး ဖတ်နေရင်းနဲ့ စာအလယ်လောက်ရောက်တော့ ကျနော် မျှော်လင့်မထားတဲ့ အရာတခုသွားတွေ့တယ်။ ကောင်မလေးရေးတာက
“နင့်ကို ငါမချစ်နိုင်ဘူး” တဲ့
“ဘာဖြစ်လို့လဲဆိုတော့ နင်ကသူဌေးသား” တဲ့
အဲဒီလို ကလေးမလေးက သုံးသပ်ပြီး ရေးထားတယ်။ ကျနော်လည်း စာကိုဖတ်နေရင်းနဲ့ ရယ်ရမလို၊ ငိုရမလို၊ ၀မ်းသာရမလို၊ သူဌေးအထင်ခံရလို့ ထပဲ က ရတော့မလို ဖြစ်သွားတယ်။
ကိုယ့်တာဝန်တွေ၊ အလုပ်တွေကို သွားလာလုပ်ကိုင်နေရင်းနဲ့ ကိုယ့်သား
ဘာဖြစ်နေတယ်ဆိုတာ ပြန် မကြည့်ဖြစ်၊ သတိမထားဖြစ်မိခဲ့ဘူး။ ကျနော့်သား
ကြိုက်နေတဲ့ ကလေးမလေးရေးတဲ့ ရည်းစားစာ၊ ပြန်စာ ဖတ်မိတော့မှပဲ ဟ… ငါ
သူဌေးဖြစ်နေပါပေါ့လားပေါ့။ စာကိုဖတ်ပြီး ဟိုးခပ်လှမ်းလှမ်းက လယ်ကွင်းတွေ
ဘက်ကို လှမ်းကြည့်လိုက်တော့ လယ်ကွင်းထဲမှာ ကလေးတအုပ် အိုင်ပက်ပြီး
ငါးဖမ်းနေတာ တွေ့ရတယ်။ အိုင်ပက်လို့ ရေနည်းသွားတော့ ကျန်တဲ့ရေအချို့နဲ့
ဗွက်တွေကို ရေထောက်တွေနဲ့ လိုက်ရမ်း မွှေနှောက် ကြပြီး ခေါင်းလေးတွေ
ပေါ်လာတဲ့ငါးတွေကို ကုန်းပေါ်ကို ဆယ်ဆယ်ပြီး ပစ်တင်နေကြတယ်။ ကျနော်
သက်ပြင်းချလိုက်မိတယ်။ ကျနော် ချလိုက်တဲ့ သက်ပြင်းရှည်ဟာ အဲဒီ ငါးပက်နေတဲ့
ကလေးတွေ ရဲ့ ဘ၀အမောကနေ တိုက်ရိုက်စီးဆင်းလာသလိုပဲ။ အင်း… ငါးကလေးတွေ
ဆီကလည်း ဖြစ်နိုင်ပါတယ်…။
No comments:
Post a Comment