ကျနော်နေတဲ့ လမ်းထိပ်မှာလူငယ်တစု
လ္ဘက်ရည်ဆိုင်သစ်တဆိုင်ဖွင့်ကြတယ်။ တရက်တော့ လ္ဘက်ရည် သောက်ချင်တာလဲပါတယ်
ဆိုင်သစ်ကိုလေ့လာချင်တာနဲ့ အဲဒီဆိုင်သစ်ဘက်ကိုရောက်ခဲ့တယ်။
ဆိုင်ရှေ့ ရောက်တော့ ဆိုင်းဘုတ်ကိုစတွေ့ရတယ်။ ဆိုင်နာမည်က“အတွေးသစ် ” တဲ့
… စာလုံးဒီဇိုင်းကို ခိုင်ခိုင်နွဲ့နွဲ့ ဆက်စပ်မှု ရှိရှိ ရေးထားတယ်။
ဆိုင်ထဲဝင်လိုက်တယ် ဆိုရင်ပဲ အရင်ဆုံးစတွေ့ရတာက ဆိုင်နံရံအပေါ်ပိုင်းမှာ
ချေဂွေးဗားရားပုံကြီးနှစ်ပုံပါ။ တပုံက သံပုရာခွံဦးထုပ်ဆောင်းပြီး
မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးနဲ့ ဒီဇိုင်းလုပ် ထားတာတပုံ၊ နောက်တပုံက
မျက်နှာကို နဲနဲမော့ပြီး ဆေးပြင်းလိပ်ခဲနေတဲ့ပုံ၊အဲဒီနှစ်ပုံကို
ခန့်ခန့်ထယ်ထယ် ချိပ်ဆွဲထားတယ်။ ဆိုင်အတွင်းရဲ့ အလယ်နေရာ
ဒေါင့်နေရာတွေမှာတော့ အရွက်အစိမ်းဖားဖားနဲ့ အဖြူအစက်အပြောက် တွေပါတဲ့
ဂမုံးပင်တွေကို ပန်းအိုးတွေနဲ့ စိုက်ပြီး နေရာချထားသေးတယ်။
ဆိုင်ထဲမှာ ထိုင်နေတဲ့လူငယ်တွေကတော့ သတင်းစာဖတ်သူနဲ့ အာကစားဂျာနယ်
ဖတ်သူဖတ် ချက်စ်ထိုးတဲ့ သူကထိုး ဘောလုံးပွဲအကြောင်းပြောတဲ့သူကပြော
စကားသံတွေရောထွေးနေတယ်။
ကျနော် လ္ဘက်ရည်သောက်ပြီး ခံတွင်းချဉ်လို့ ရေနွေးကြမ်းသောက်နေတုန်းမှာပဲ
အသက် ၂၀ ၀န်ကျင် လောက်ရှိတဲ့လူငယ်တယောက် ဆိုင်ထဲကိုဝင်လာတယ်။
ရောက်ရောက်ချင်းပဲ စားပွဲထိုးကို လ္ဘက်ရည်မှာပြီး မထိုင်သေးပဲ
နံရံကပုံတွေကိုလိုက်ကြည့်နေတယ်။ သူ့အကြည့်တွေက ချေဂွေးဗားရားပုံတွေဘက်ကို
ရောက်သွားတယ်။ ပထမဆုံးသူစတွေ့တာက သံပုရာခွံဦးထုပ်ကို ဆောင်းထားတဲ့
ချေဂွေးဗားရားပုံ စတွေ့ပြီးသူပြောလိုက်တာက …. “ စောဘဦးကြီးပုံ မိုက်တယ် ”
တဲ့ …
သူ့အထင်နဲ့အမြင်ကတော့လွဲပြီ၊ ဒါပေမဲ့
ဆိုးဆိုးဝါးဝါးကြီးတော့မဟုတ်သေးဘူး၊ နဲနဲပြုံးနိုင်သေးတယ်။ စောဘဦးကြီး
ကရင့်တော်လှန်ရေးခေါင်းဆောင်အဖြစ်နဲ့ တော်လှန်ရေးလုပ်နေတုန်းက
ချေဂွေဗားရားလို ဒီဇိုင်းမျိုးပဲလေ။ ဒီလိုနဲ့ ချေဂွေဗားရား
ဆေးပြင်းလိပ်ခဲနေတဲ့ဓါတ်ပုံကိုလဲမြင် လိုက်ရော “ ဟာ … သီဟတင်စိုး
ဆေးလိပ်သောက်နေတာ မိုက်တယ်ကွာ ” ဆိုပြီး အားရပါးရ ပြောချလိုက်ပါလေရော…
ဒီအချိန်မှာပဲ လ္ဘက်ရည်ဖျော်ခန်းထဲက ဖျော်ဆရာလေးက လှမ်းငေါ့လိုက်ပုံရတယ် …
“ အဲဒါ သီဟတင်စိုး မဟုတ်ဘူး … ကွ … အမီတာဘဂျမ်း .. မြဲမြဲမှတ်ထား ” …
No comments:
Post a Comment